Tuesday, January 22, 2008

IT Caravan 2008 Shan State

ရှမ်းပြည်နယ်အတွင်း နေရာဒေသမခြား ကွန်ပျူတာ နည်းပညာရပ်များ ပျံ့ပွားတိုးတက်စေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (ရှမ်းပြည်နယ်) နှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း (ရှမ်းပြည်နယ်)တို့ပူးပေါင်း၍ သတင်းအချက်အလက်နှင့် နည်းပညာ နယ်လှည့် ဟောပြောပွဲ (IT Caravan - 2008 Shan State) ကို တောင်ကြီးခရိုင်အတွင်းရှိ ဟိုပုံးမြို့နှင့် လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်မြို့ သို့ သွားရောက်၍ ဟောပြောပွဲများ ကျင်းပပေးခဲ့ပါသည်။


ပညာရှင်အသင်းနှင့် လုပ်ငန်းရှင်အသင်းတို့မှ အဖွဲ့ဝင် ၈ဦး ပါဝင်သော၊ IT Caravan 2008 Shan State ခရီးစဉ်သည် ၂၁ရက်နေ့ မနက် ၆နာရီ ၅၀မိနစ်မှစ၍ တောင်ကြီးမြို့မှ စတင်ထွက်ခွာခဲ့ပြီး၊ ၉နာရီ ၄၅မိနစ်တွင် လွိုင်လင်မြို့သို့ ရောက်ရှိခဲ့ပါသည်။ လွိုင်လင်မြို့ရှိ အ.ထ.က (၁) ကျောင်းတွင် ကွန်ပျူတာ နည်းပညာဆိုင်ရာ ဟောပြောပွဲများ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ လွိုင်လင်မြို့ရှိ အ.ထ.က ကျောင်း(၂) ကျောင်းမှ ကျောင်းသားကျောင်းသူများ၊ ပင်လုံကွန်ပျူတာ တက္ကသိုလ်မှ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လွိုင်လင်မြို့ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများနှင့် စိတ်ပါဝင်စားသူ (၂၅၀)ကျော် တက်ရောက် လေ့လာခဲ့ကြပါသည်။

မနက် ၁၀နာရီ ၂၀မိနစ်တွင် အခမ်းအနား စတင်ခဲ့ပြီး၊ လွိုင်လင်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (ရှမ်းပြည်နယ်)မှ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းလုံကျော်မှ မိတ်ဆက် အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပညာရှင်အသင်း အမှုဆောင် တစ်ဦးဖြစ်သူ ဦးအောင်နိုင်ထွန်းမှ "အသင်းလှုပ်ရှားမှုများ" အကြောင်းကို လည်းကောင်း၊ လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးစိုင်းခမ်းနွတ်မှ "Computer for All" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လုပ်ငန်းရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ဝေေ၀ခင်မှ "Computer for Education" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပညာရှင်အသင်း အမှုဆောင် ဦးစိုင်းမျိုးဝင်းထက်မှ "How Computer Work?" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လုပ်ငန်းရှင်အသင်း အမှုဆောင် ဦးကျော်ကျော်မှ "Current Usage of Internet and Email" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ရှင်းလင်း ဟောပြောခဲ့ကြပါသည်။

၎င်းနောက် လွိုင်လင်မြို့နယ် ပညာရေးမှူးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ဟောပြောပွဲများ အပြီးတွင် IT Caravan 2008 Shan State အဖွဲ့မှ လွိုင်လင်မြို့ရှိ ကျောင်းများသို့ ကွန်ပျူတာဆိုင်ရာ စာအုပ်၊ စာတမ်းများ၊ ဂျာနယ်များနှင့် CD များကို သက်ဆိုင်ရာ ကျောင်းကိုယ်စားလှယ်များသို့ ပေးအပ်ခဲ့ပြီး၊ အခမ်းအနားသည် နေ့လည် ၁၂နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။


ထို့နောက် အဖွဲ့ဝင်များသည် မွန်းလွဲ ၁နာရီတွင် လွိုင်လင်မြို့မှ ပြန်လည်ထွက်ခွာလာရာ၊ ညနေ ၃နာရီ ၁၀မိနစ်တွင် ဟိုပုံးမြို့သို့ ရောက်ရှိခဲ့ပါသည်။ ဟိုပုံးမြို့ရှိ အ.ထ.က ကျောင်း၌ ၃နာရီ ၃၀မိနစ်တွင် အခမ်းအနားကို စတင်ကျင်းပခဲ့ပြီး ဟိုပုံးမြို့နယ် ဥက္ကဋ္ဌမှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ထို့နောက် IT Caravan အဖွဲ့ဝင် (၆)ဦးမှ သက်ဆိုင်ရာခေါင်းစဉ် အလိုက် အသီးသီး ဟောပြော ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူပေါင်း (၂၄၀)ခန့် တက်ရောက်ခဲ့ကြသည်။ ၎င်းနောက် ဟိုပုံး အ.ထ.က ကျောင်းအုပ်ကြီးမှ ကျေးဇူးတင်စကား လှိုက်လဲစွာ ပြောကြားခဲ့ပြီး၊ အသင်းများမှ ကျောင်းသို့ ကွန်ပျူတာဆိုင်ရာ စာအုပ်များ၊ ဂျာနယ်များနှင့် CDများကို ပေးအပ်ခဲ့ပါသည်။

ဤသို့ဖြင့် ညနေ ၅နာရီ ၁၀မိနစ်တွင် IT Caravan 2008 Shan State ၏ ဟိုပုံးမြို့ ဟောပြောပွဲ ပြီးဆုံးခဲ့ပြီး၊ ပြန်လည် ထွက်ခွာလာခဲ့ကြရာ ညနေ ၆နာရီ ၁၀မိနစ်တွင် တောင်ကြီးမြို့သို့ ရောက်ရှိခဲ့ကြပါသည်။

No comments: